မတ်လ (၈)ရက်။
မတ်လ (၆)ရက်နေ့က စစ်ကောင်စီဟာ ဆီဆိုင်မြို့ကို ဒရုန်းနဲ့ ဓါတုအဆိပ်ငွေ့ဗုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီက ဓါတုအဆိပ်ငွေ့ဗုံးသုံးပြီး တိုက်ခိုက်တာကြောင့် PNLA ရဲဘော်တွေ အရေပြားယားယံတာ၊ မူးဝေတာ၊ အသက်ရှုမြန်တာ၊ မအီမသာခံစားရတာ၊ စိတ်လှုပ်ရှားမှုမြန်ဆန်တာ၊ မောပန်းတာနဲ့ အောက်ဆီဂျင်ကျတာတွေကို ပုံစံတူ ခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဓါတုအဆိပ်ငွေ့ဗုံး တိုက်ခိုက်တာကြောင့် ထိခိုက်ခဲ့တဲ့ ပြည်သူတွေ ရဲဘော်တွေကို ဆေးဝါးကုသနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မနေ့ကလဲ စစ်ကောင်စီဟာ လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြုပြီး ဆီဆိုင်မြို့ထဲကို တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် (၆)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီက ပအိုဝ်းအမျိုးသား၀တ်စုံ ၀တ်ဆင်ပြီး ပြည်သူတွေရဲ့ ကားတွေကို ချောဆွဲကာ သူတို့သွားလိုတဲ့နေရာကို အတင်းအဓမ္မပို့ခိုင်းပြီး ဟိုပုံးမြို့ မဲနယ်တောင်ဒေသကို အင်အားဖြည့်တင်းခဲ့တယ်လို့ PNLA က ပြောဆိုထားပါတယ်။
အခုလို စစ်ကောင်စီဟာ ပအိုဝ်းအမျိုးသားဝတ်စုံကို စစ်ယူနီဖောင်းအနေနဲ့ အသုံးပြုတာ၊ ပအိုဝ်းဒေသကို အကြမ်းဖက်တိုက်ခိုက်တာက ပအိုဝ်းတို့ရဲ့ အမျိုးသားဂုဏ်အင်္ဂါလက္ခဏာကို ဖျက်ဆီးတာနဲ့ စစ်ရာဇ၀တ်မှု ကျူးလွန်တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။