ဧပြီလ (၈)ရက်။
ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်က စစ်ကောင်စီရဲ့ ခမရ(၃၆၉၊ ၃၇၀)နဲ့ ပျူစောထီးအခြေပြုတဲ့ စခန်း (၄)ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီစခန်း (၄)ခုဟာ ဟုမ္မလင်းမြို့၊ အင်ကြင်းမှော်ရွာ၊ မနော်သာရွာနဲ့ ကျွန်းကုန်းရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၃၀၀)ကျော်နဲ့ အခြေပြုနေတာလို့ ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီစခန်းတွေကို မတ်လ (၃၀)ရက်ကနေ ဧပြီလ (၇)ရက်နေ့အထိ (၉)ရက်ကြာ ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီထံကနေ သေနတ်အလက်(၂၀)အပါအဝင် လက်နက်ငယ်မျိုးစုံ (၁၃၁)လက်၊ ကျည်မျိုးစုံ (၁၃၀၀၀)ကျော်၊ ရှေ့ထွက်မိုင်း(၂)လုံး၊ ဗုံးသီးမျိုးစုံ(၄)လုံး၊ Drone Gun (၁)လက်၊ Station Jammer(၁)ခု၊ ဓါးမျိုးစုံ (၃၀)ချောင်းနဲ့ တရုတ်စကားပြောစက်(TSSD)(၁၆)လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီစခန်း (၄)ခုကို အထူးလှုပ်ရှားတပ်ရင်း (၄၊ ၈)နဲ့ မော်လိုက်ခရိုင်တပ်ရင်း(၁)၊ ခန္တီးခရိုင်တပ်ရင်း(၁)၊ ဖောင်းပြင်မြိုနယ်နဲ့ ဟုမ္မလင်းမြို့နယ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။