ဇူလိုင်လ (၈)ရက်။
ချောင်းဦးမြို့၊ မုံရွာ-မန္တလေးကားလမ်းရှိ ခင်မွန်ရွာအနီးမှာ ကြေးနီကားတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ မြို့နယ်-ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်သားနှစ်ဦးကို ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးအခင်းထဲ ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ စစ်အာဏာရှင်တွေကို လက်စားချေ စစ်ဆင်ရေးအနေနဲ့ မြို့နယ်-ပကဖတပ်ဖွဲ့၀င်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ကြေးနီကားတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေဆီကလဲ ခြိမ်းခြောက်ငွေတောင်းနေပြီး ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားသလို MA(1) တစ်လက်နဲ့ MA(11)တစ်လက် ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်နဲ့ ပူးပေါင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို ပကဖအဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေက တရားမျှတမှုရရှိစေဖို့ လက်စားချေစစ်ဆင်ရေးတွေ လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူ့ဘက်ကို အမြန်ဆုံး လက်နက်ချ အလင်း၀င်ဖို့လိုတယ်လို့လဲ တိုက်တွန်းထားပါတယ်။
အတိတ်ကာလမှာသာမဟုတ်ဘဲ အခု နွေဦးတော်လှန်ရေးကာလမှာ အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ကျူးလွန်ထားတဲ့ စစ်ရာဇ၀တ်သားတွေကို ချေမှုန်းတိုက်ခိုက်သွားမယ်လို့ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။