ဇူလိုင်လ (၈)ရက်။
ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အရင်ကထက် ပိုမိုအရှိန်မြှင့်ဆောင်ရွက်ထားတယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုရဲ့ မနေ့ကပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်ရမယ့် ရွေးကောက်ပွဲအကြိုလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး လုပ်ထုံးလုပ်နည်းတွေကို ကြိုတင်လေ့လာထားဖို့ သူက ဆိုပါတယ်။
လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ နည်းဥပဒေတွေကို ထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်နေပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို လေ့လာထားဖို့ ညွှန်ကြားခဲ့ပါသေးတယ်။
လာမယ့် ၂၀၂၅ခုနှစ်ထဲ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ပြီးတဲ့နောက်မှာ ရွေးကောက်ပွဲအတွက် လူဦးရေနဲ့ သန်းခေါင်စာရင်းကောက်တာတွေကို ပိုမိုလုပ်ဆောင်လာနေတာပါ။
နိုင်ငံတ၀န်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် အယုံအကြည်မရှိဘူးလို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ပြောဆိုထားပြီး စစ်အုပ်စုပြုတ်ကျဖို့ တိုက်ထုတ်သွားမယ်လို့လဲ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အရင်က ၂၀၂၃ခုနှစ်ထဲ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောဆိုခဲ့ပေမယ့် အကောင်အထည်မဖော်နိုင်တာကြောင့် လာမယ့်နှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ထပ်မံပြောဆိုလာတာဖြစ်တယ်လို့ သိရပါတယ်။