ဇူလိုင်လ (၈)ရက်။
မနေ့ကတစ်ရက်ထဲ ရန်ကုန်မြို့က ဆေးရုံတွေမှာ ၀မ်းပျက်၀မ်းလျှောရောဂါဖြစ်ပွားတဲ့ လူနာသစ် (၄၄)ဦးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းထဲက ဆေးရုံတွေမှာ ၀မ်းပျက်၀မ်းလျှောရောဂါနဲ့ ဆေးရုံတက်ကုသနေသူ လူနာသစ် (၄၄)ဦးထဲ ပြင်းထန်၀မ်းပျက်၀မ်းလျှောလူနာ (၂)ဦးရှိခဲ့ပြီး ကျန်လူနာတွေဟာ သာမန် ၀မ်းပျက်၀မ်းလျှောရောဂါဖြစ်ပွားတာလို့ ဆိုပါတယ်။
ဇူလိုင်လ (၆)ရက်နေ့က ၀မ်းပျက်၀မ်းလျှောလူနာသစ် (၆၃)ဦးရှိခဲ့ရာ ဇူလိုင်လ (၇)ရက်နေ့မှာတော့ လူနာသစ်တွေ့ရှိသူဦးရေ ကျဆင်းလာပြီး လူနာအားလုံး သက်သာကောင်းမွန်တယ်လို့ ဖော်ပြထားပါသေးတယ်။
ဒေါပုံမြို့နယ်ထဲ ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွားခဲ့တာကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဇူလိုင်လ (၄)ရက်နေ့ကနေ (၆)ရက်နေ့အထိ ဆေးရုံတက်ရတဲ့လူနာဦးရေ မြင့်တက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုအခါ အချိန်တိုအတွင်း ၀မ်းပျက်၀မ်းလျှောရောဂါဖြစ်ပွားတာကို အကောင်းဆုံးထိန်းချုပ်နိုင်အောင် ကြိုးစားနေတယ်လို့ စစ်ကောင်စီကျန်းမာရေးက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့မှာ ၀မ်းပျက်၀မ်းလျှောရောဂါကြောင့် သေဆုံးသူတွေရှိခဲ့တယ်လို့ မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတွေက ပြောဆိုထားပေမယ့် စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားတယ်လို့ သိရပါတယ်။