ပုလဲမြို့ထဲက စစ်ကောင်စီစခန်းတွေ တပြိုင်ထဲ စီးနင်းတိုက်ခိုက်ခံရ၊ ပုလဲမြို့ကို (၂)နာရီကျော်ကြာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ PLA ထုတ်ပြန်
ဇူလိုင်လ (၈)ရက်။
မနေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့ထဲက စစ်ကောင်စီတပ်စွဲနေထိုင်တဲ့နေရာတွေကို တပြိုင်ထဲ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေဟာ ပုလဲမြို့ထဲကို ၀င်ရောက်စီးနင်းခဲ့ပြီး စစ်ကောင်စီတပ်သားတွေ တပ်စွဲနေထိုင်နေတဲ့ စုပေါင်းရုံးနဲ့ ရဲစခန်းတို့ကို တပြိုင်ထဲ ၀င်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲဟာ (၃)နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီရဲ့ ဘန်ကာအချို့ကို ရရှိခဲ့ကာ ပုလဲမြို့ကို တော်လှန်ရေးအင်အားစုတွေက (၂)နာရီကျော်ကြာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပုလဲမြို့ထဲတိုက်ပွဲမှာ စစ်ကောင်စီရဲ့ပြည်သူ့စစ်အဖွဲ့၀င် (၂)ဦးကို ဖမ်းဆီးရမိခဲ့ပြီး မြို့နယ်ပအဖထံကို အပ်နှံခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို PLAရဲ့ အနောက်မြောက်စစ်ဒေသ-အမှတ်(၈၁၅)တပ်ဖွဲ့ ၊ ABSDF -Column 3 တပ်ရင်း ၁၄(ချင်းတွင်းဒေသ)၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့နဲ့ ရပ်ရွာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။