ဩဂုတ်လ (၈)ရက်။
စစ်ကောင်စီအနေနဲ့ အာဆီယံ-ရုရှား မိတ်ဖက်ဆက်ဆံရေးရဲ့ ညှိနှိုင်းရေးမှူး တာ၀န်ကို အခုနှစ်ကစပြီး ၂၀၂၇ခုနှစ်အထိ တာ၀န်ယူသွားဖို့ရှိနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ ၂၀၂၁ခုနှစ်ကနေ ၂၀၂၄ခုနှစ်အထိ အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေးရဲ့ ညှိနှိုင်းရေးမှူးတာ၀န်ကို ထမ်းဆောင်ခဲ့တယ်လို့ (၅၇)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ မင်းအောင်လှိုင်က ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံပဋိညာဉ်စာတမ်းနဲ့အညီ အာဆီယံအသိုက်အ၀န်း တည်ထောင်တဲ့ လုပ်ငန်းစဉ်တွေမှာ အာဆီယံအဖွဲ့၀င်နိုင်ငံအားလုံးနဲ့အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
ဥပဒေကြောင်းအရရော ဘဏ္ဍာရေးနဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာပါ အဖွဲ့၀င်နိုင်ငံ တနိုင်ငံအနေနဲ့ ဖြည့်ဆည်းရမယ့် တာ၀န်၀တ္တရားတွေကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လဲ ရေးသားထားပါတယ်။
အဖွဲ့၀င်နိုင်ငံတွေအနေနဲ့လဲ အခြေခံမူတွေနဲ့ စံံနှုန်းတွေကို အလေးထားပြီး မြန်မာအရေး ကိုင်တွယ်ဖြေရှင်းရာမှာ အပြုသဘောနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုထားပါသေးတယ်။
အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်တာမရှိတဲ့အတွက် စစ်ကောင်စီကို အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။