ဧပြီလ (၈)ရက်။
ဒီကနေ့ နံနက်အစောပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်(DSA)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ MOD ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်(DSA)ကို မန္တလေးတိုင်း(ပကဖ)က ၁၀၇မမ ရှော့တိုက်ဒုံး (၅)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာမှာ စစ်ကောင်စီတပ်သားတွေနေထိုင်တဲ့ အဆောင်အနီးကို (၄)လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒီလိုပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ MOD က ထည့်သွင်းပြောဆိုထားတာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်(DSA) ပစ်ခတ်ခံရကာ ကျောင်းဘေးရှိ ကျောက်တော်ဘုရားအနီး ကျရောက်ပေါက်ကွဲတာတွေရှိခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။
စစ်တက္ကသိုလ်(DSA) ပစ်ခတ်ခံရပြီးနောက်မှာတော့ စစ်ကောင်စီတပ်တွေက မြို့အဝင်/အထွက်ကို စစ်ဆေးတာတွေရှိတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။