ဇူလိုင်လ (၉)ရက်။
အခု(၃)ရက်တာကာလထဲ ရန်ကုန်မှာ ၀မ်းပျက်၀မ်းလျှောရောဂါလူနာ (၁၆၇)ဦးအထိ တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရန်ကုန်ရှိ သာကေတနဲ့ ဒေါပုံမြို့တို့မှာ ၀မ်းပျက်၀မ်းလျှောရောဂါဖြစ်ပွားသူတွေဟာ ဇူလိုင်လ(၆)ရက်နေ့က (၆၃)ဦး၊ (၇)ရက်နေ့က (၄၄)ဦးနဲ့ (၈)ရက်နေ့က (၆၀)ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
၀မ်းပျက်၀မ်းလျှောဖြစ်ပွားတာဟာ ဒုတိယနေ့မှာ လူနာတွေ့ရှိခဲ့တဲ့နှုန်း ပြန်လည်ကျဆင်းခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးက ပြောဆိုခဲ့ပေမယ့် မနေ့ကတော့ လူနာဦးရေ (၆၀)အထိ ပြန်လည်မြင့်တက်ခဲ့တာပါ။
ဇူလိုင်လ (၈)ရက်နေ့မှာတွေ့ရှိခဲ့တဲ့ လူနာသစ် (၆၀)ဦးထဲ ပြင်းထန်၀မ်းပျက်၀မ်းလျှောဖြစ်ပွားတဲ့ လူနာ (၆)ဦးရှိခဲ့တယ်လို့ သိရပြီး လူနာအားလုံး သက်သာကောင်းမွန်တယ်လို့ ထုတ်ပြန်ထားပါတယ်။
၀မ်းပျက်၀မ်းလျှောလူနာတွေ့ရှိတာ ပြန်လည်များလာပေမယ့် စစ်ကောင်စီကတော့ ဒေါပုံမြို့မှာ ရောဂါကူးစက်တာကို ထိန်းချုပ်နိုင်ခဲ့ပြီး သာကေတမှာ ရောဂါကူးစက်တာ စတင်လျော့ကျလာပြီလို့ ပြောဆိုထားပါသေးတယ်။
ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါဖြစ်ပွားနေတဲ့ သာကေတမြို့ကို စစ်ကောင်စီရဲ့ကျန်းမာရေး၀န်ကြီးနဲ့ တိုင်း၀န်ကြီးချုပ်တို့ မနေ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး ထပ်မံမကူးစက်စေဖို့ ညွှန်ကြားသွားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။