စက်တင်ဘာလ (၁၀)ရက်။
စစ်ကောင်စီက စစ်အမှုထမ်းအပတ်စဉ် (၅) သင်တန်းတွေကို ရန်ကုန်အပါအ၀င် တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ဖွင့်လှစ်ခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် (၅) သင်တန်းတွေကို ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တို့မှာ ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဧပြီလ (၈)ရက်နေ့ကစတင်ကာ အပတ်စဉ် (၁)အနေနဲ့ ဖွင့်လှစ်ခဲ့ပြီး အခုဆို စစ်မှုထမ်းသင်တန်းဟာ အပတ်စဉ် (၅)အထိရှိလာပါပြီ။
နိုင်ငံတ၀န်းက တိုက်ပွဲတွေမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဒို့တာ၀န်အရေးသုံးပါးကို စောင့်ရှောက်ဖို့ နိုင်ငံသားတိုင်း တာ၀န်ရှိတယ်ဆိုပြီး စစ်ပညာတွေ သင်ကြားပေးဖို့ စစ်မှုထမ်းဥပဒေကို အတင်းအဓမ္မ ပြဋ္ဌာန်းခဲ့တာပါ။
ဒီကနေ့ စစ်ကောင်စီအာဘော်သတင်းစာက ထုတ်ပြန်တဲ့ စစ်မှုထမ်းအပတ်စဉ် (၅)မှာ သင်တန်းသားဦးရေ ဘယ်လောက်ရှိတယ်ဆိုတာကို ထုတ်ပြန်ထားတာမရှိဘဲ ဆေးတက္ကသိုလ်အပါအ၀င် တက္ကသိုလ်ကျောင်းသားတွေ ပါ၀င်တာကို တွေ့ရပါတယ်။
စစ်ကောင်စီဟာ သင်တန်းအပတ်စဉ်တစ်ခုကို လူဦးရေ (၅၀၀၀) သတ်မှတ်ထားပြီး သင်တန်းသားအရေအတွက် ပြည့်မီအောင် စာရင်းကောက်ယူတာတွေ ပြုလုပ်ခဲ့ရာ အတင်းအဓမ္မ လူစုဆောင်းတာတွေ ပါ၀င်တယ်လို့ အရပ်ဘက်သုတေသနအဖွဲ့တွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။