စက်တင်ဘာလ (၁၀)ရက်။
မနေ့က နံနက် (၁၀)နာရီအချိန် ရေစကြိုမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ရေစကြိုမြို့မရဲစခန်းကနေ မိုင်းရှင်းဖို့ထွက်လာတဲ့ စခ (၁၀)ဦးကို ကာကွယ်ရေးရဲဘော်တွေက အသင့်စောင့်ဆိုင်းပြီး အနီးကပ်တိုက်ခိုက်ခဲ့တာပါ။ စခနှစ်ကောင် နေရာမှာတင်မှေက်သွားပါတယ်” လို့ ဆိုပါတယ်။
ရေစကြိုမြို့မရဲစခန်းကနေ မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် (၁၀)ဦးခန့်ကို ဘက်စုံကွေ့နားအရောက်မှာ ကာကွယ်ရေးရဲဘော်တွေက စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က (၂)ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို တိုက်ခိုက်ခံ့တာကြောင့် အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ရေစကြိုမြို့မရဲစခန်းထဲ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဒီကနေ့ နေ့လယ် (၃)နာရီအချိန်က ပခုက္ကူမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီကား (၃)စီးကို ကြည့်ကန်ကျေးရွာနဲ့ ကံသစ်ကျေးရွာကြားမှာ ကာကွယ်ရေးရဲဘော်တွေက ပေပါမိုင်းတွေနဲ့ စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ပေပါမိုင်းတွေနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကားတစ်စီး ထိမှန်ပျက်စီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့၀င် (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ကောင်စီကားတွေဟာ ရေစကြိုမြို့ရှိ ခလရ (၂၅၈)ထဲ ၀င်ရောက်သွားခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။