အောက်တိုဘာလ (၁၀)ရက်။
(၂)နှစ်တာကာလ အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်ခွင့် လုံလောက်စွာမရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား (၃၀)ဦးအထိရှိခဲ့တယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
၂၀၂၃ခုနှစ်က အကျဉ်းထောင်တွေကို ထောင်ဝင်စာ ဆေးဝါးတွေကို ကန့်သတ်ပိတ်ပင်တာ၊ ဆေးဝါးစောင့်ရှောက်ခွင့် လုံလောက်စွာမရတာနဲ့ အချိနဲ့တပြေးညီ ဆေးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၁၇)ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အခုနှစ် (၁၀)လတာကာလမှာလဲ နိုင်ငံရေးအကျဉ်းသား (၁၁)ဦးနဲ့ နိုင်ငံရေးအကျဉ်းသူ (၂)ဦး စုစုပေါင်း (၁၃)ဦးတို့ဟာ ထောင်ထဲ ဆေးဝါးလုံလောက်စွာ မရရှိတာကြောင့် ကျဆုံးခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။
အခုနှစ်ထဲ ထောင်အာဏာပိုင်တွေဟာ ဆေးဝါးပို့ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် အကျဉ်းသားတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေ ပို့ဆောင်ဖို့ ခက်ခဲလာပြီး ထောင်ထဲ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွာလာတယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် အကျဉ်းထောင်တွေထဲ သေဆုံးတာတွေ ထပ်မဖြစ်ဖို့ နိုင်ငံခြားဆေးဝါးတွေ အပြည့်အဝလက်ခံဖို့၊ လုံလောက်တဲ့ဆေးဝါးတွေ ထားရှိဖို့၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးဖို့နဲ့ ထောင်ပြင်ပဆေးရုံတွေကို အချိန်နဲ့တပြေးညီ ပို့ဆောင်ပေးဖို့ ထောင်အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။
နောက်ပြီး အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းသူတွေ ထပ်မံမသေဆုံးစေဖို့ ရည်ရွယ်ချက်၊ တောင်းဆိုချက်တွေနဲ့ “ အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး” ဆိုတဲ့ ဓါတ်ပုံကမ်ပိန်းလှုပ်ရှားမှုကိုလဲ လုပ်ဆောင်ခဲ့ကြပါတယ်။
ဒါ့အပြင် ICRC အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်တွေနဲ့ အာဆီယံနိုင်ငံတွေအနေနဲ့လဲ ထောင်ထဲ ဆေးဝါးစောင့်ရှောက်တာ လုံလောက်စွာရရှိဖို့ ထိရောက်တဲ့ ဆောင်ရွက်ချက်တွေနဲ့ စစ်ကောင်စီနဲ့ အကျဉ်းဦးစီးကို ဖိအားပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။