မေလ (၁၁)ရက်။
မေလ (၇)ရက်နေ့က ကန့်ဘလူမြို့နယ်၊ မလည်ရွာရှိ စစ်ကောင်စီ၊ ရဲနဲ့ ပျူစောထီးတွေ အခြေချတဲ့စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီစခန်းကို ကန့်ဘလူခရိုင်တပ်ရင်း(၂၊၃)၊ ရွှေဘိုခရိုင် တပ်ရင်း(၃)နဲ့ အမှတ် (၅၁၀)တပ်ရင်းတို့က တိုက်ခိုက်ခဲ့ကာ ကန့်ဘလူမြို့နယ် ပကဖနဲ့ ခင်ဦးမြို့နယ် ပလဖတို့က ထောက်ပို့နဲ့ ဖြတ်တောက်ရေး ပါ၀င်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးခဲ့ကာ စစ်ကောင်စီရဲ့ တတက(၁၃)က လက်နက်ကြီးနဲ့ ဗုံးအလုံး (၆၀)ကျော်ပစ်ခတ်ခဲ့သလို ပြင်ဦးလွင်အနီးစခန်းကနေ Mi-35 နဲ့ (၁၀)ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် အထိနာခဲ့တဲ့ စစ်ကောင်စီက တံတားဦးကနေ Jet Fighter (၁)စီးနဲ့ (၄)ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး Y-12 နဲ့ ဗုံးအလုံး (၆၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ကာ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာရွာရှိ စစ်ကောင်စီအင်အား (၇၀)ခန့်ကလဲ ကျောက်လုံးကြီးရွာကို ရေကြောင်းနဲ့ လာရောက်စစ်ကူပေးခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီလို လေကြောင်းအပါအ၀င် ရေကြောင်းတို့ကနေ စစ်ကူပေးတာတွေကြောင့် တိုက်ပွဲထဲ တော်လှန်ရေးရဲဘော်တွေဘက်က (၁၀) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့အပြင် ပြည်သူ (၁)ဦးသေဆုံးပြီး (၁၇)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီထံကနေ လက်လုပ်သေနတ်အပါအ၀င် လက်နက်ငယ် (၁၄)လက်၊ ကျည်မျိုးစုံ (၇၀၀)ကျော်၊ ကျည်အိမ် (၁၁)ခု၊ လက်ပစ်ဗုံး (၁)လုံး၊ အီနာဂါ (၆)လုံး၊ Jammer (၁)ခု၊ Equipment (၄)ခု၊ Uniform (၃)စုံနဲ့ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။