ဇွန်လ (၁၁)ရက်။
ဒီကနေ့ နံနက် (၉)နာရီ (၄၀)မိနစ်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမှတ်(၂)လမ်းမပေါ်က တံတားအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
“ မနက် (၉)နာရီခွဲကျော်လောက်မှာ အသံကြားရတာ၊ ရှမ်းတဲကြီးရပ်ကွက်ဘက်မှာပေါက်တာ၊ သတင်းတွေကတော့ အမှတ် ၂လမ်းမကြီးပေါ်က တံတားနားမှာပေါက်တာဆိုပြီးပြောတယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
တောင်ဒဂုံမြို့နယ်၊ ရှမ်းတဲကြီးရပ်ကွက်ရှိ အမှတ် (၂)လမ်းမပေါ်က တံတားတစ်ခုအနီးမှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာကို စစ်လော်ဘီချန်နယ်တွေကလဲ ဖော်ပြထားပါတယ်။
ဗုံးပေါက်ကွဲခဲ့တာကြောင့် တံတားအနီးရှိ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲနှစ်ဦး ထိခိုက်တာတွေရှိခဲ့ကာ ကားတစ်စီး ထိမှန်ခဲ့တယ်လို့ ရေးသားထားပါတယ်။
တောင်ဒဂုံမြို့နယ်ထဲ ဗုံးပေါက်ကွဲခဲ့တာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
ဒါ့ပြင် ရန်ကုန်ကိုရောက်ရှိလာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရန်ကုန်လုံခြုံရေးကို အမြဲသတိရှိဖို့ဆိုပြီး မနေ့က ပြောဆိုခဲ့တဲ့ နောက်တစ်ရက် ဒီကနေ့မှာ ဗုံးပေါက်ကွဲခဲ့တာလို့ သိရပါတယ်။