ဇူလိုင်လ (၁၁)ရက်။
မနေ့က ဇူလိုင်လ (၁၀)ရက်နေ့ တစ်ရက်ထဲ ရန်ကုန်မှာ ၀မ်းရောဂါလူနာသစ် (၁၁၅)ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းထဲရှိ ဆေးရုံတွေမှာ ၀မ်းရောဂါကြောင့် ဆေးရုံတက်နေရတဲ့ လူနာသစ် (၁၁၅)ဦးတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပေမယ့် လူနာတွေရဲ့ အသေးစိတ်ကိုတော့ စစ်ကောင်စီက ထုတ်ပြန်ထားတာမရှိပါဘူး။
မနေ့ကတစ်ရက်ထဲ တွေ့ရှိခဲ့တဲ့ ၀မ်းရောဂါလူနာသစ် (၁၁၅)ဦးထဲ ပြင်းထန်၀မ်းရောဂါဖြစ်ပွားတဲ့လူနာ (၂၂)ဦးပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။
ဇူလိုင်လ (၉)ရက်နေ့က ၀မ်းရောဂါဖြစ်ပွားတဲ့လူနာတွေ့ရှိတဲ့နှုန်း ပြန်မြင့်လာပေမယ့် စစ်ကောင်စီက ရောဂါထိန်းချုပ်နိုင်ပြီလို့ ပြောဆိုခဲ့ပြီး နောက်တရက်မှာပဲ လူနာသစ် (၁၀၀)ကျော် ထပ်မံတွေ့ရှိခဲ့တာပါ။
ဒီကနေ့ စစ်ကောင်စီကျန်းမာရေးရဲ့ ထုတ်ပြန်ချက်ထဲ ဆေးရုံတက်ခဲ့ရတဲ့ လူနာ (၂၁၇)ဦးအထိ ဆေးရုံက ဆင်းခွင့်ပြုခဲ့ကာ ရောဂါထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။
ရန်ကုန်တိုင်းထဲ ဇူလိုင်လ (၁၀)ရက်နေ့အထိ (၅)ရက်တာကာလမှာ ၀မ်းရောဂါဖြစ်ပွားသူ စုစုပေါင်း (၃၄၆)ဦးအထိရှိခဲ့ပြီး ပြင်းထန်၀မ်းရောဂါလူနာ (၄၀)နီးပါးအထိရှိခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။