ဩဂုတ်လ (၁၁)ရက်။
ဒီကနေ့ နံနက် (၉)နာရီခွဲအချိန်က မုံရွာမြို့အ၀င်ရှိ မအူဂိတ်စစ်ဆေးရေးဂိတ်ကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။
မအူဂိတ်စခန်းကနေ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ မုံရွာ-အမြင့်လမ်းဘေးရှိ လင်းပိုးနဲ့ လင်းပင်၀ကျေးရွာတွေဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီလိုပေါက်ကွဲခဲ့တာကြောင့် ပြည်သူ (၉)ဦး လက်နက်ကြီးစ ထိမှန်ခဲ့ကာ သူတို့ထဲက (၂)ဦး နေရာမှာပဲ သေဆုံးခဲ့ပြီး (၇)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မုံရွာမြို့တောင်ဘက်နယ်ရှိ မုံရွာ-အမြင့်လမ်းက ကျေးရွာတွေဟာ နေ့တိုင်း စစ်ကောင်စီရဲ့ လက်နက်ကြီးဒဏ်ကို အလူးအလဲခံနေရပြီး ထိခိုက်သေဆုံးတာတွေ များပြားနေတယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီရဲ့ လက်နက်ကြီးအန္တရာယ်ကို အမြဲသတိပြုကြဖို့နဲ့ လက်နက်ကြီးထိမှန်ခဲ့တဲ့ အထိအခိုက်စာရင်းကို ထုတ်ပြန်ပေးသွားမယ်လို့ အသိပေးပြောဆိုထားပါတယ်။
အခုလဆန်းပိုင်းကလဲ တောပုပျူရွာကနေ အနောက်မြောက်နဲ့ အနောက်အရပ်ကို လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့သလို မအူဂိတ်ကနေ အနောက်တောင်အရပ်ကို လက်နက်ကြီးနဲ့ (၂)လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။