ဩဂုတ်လ (၁၁)ရက်။
ဩဂုတ်လ (၈)ရက်နေ့ကစပြီး လွတ်မြောက်နယ်မြေဖြစ်တဲ့ လားရှိုးမြို့က အထင်ကရနေရာတွေမှာ အထူးဒေသ(၁)နဲ့ ကိုးကန့်တပ်မတော်(MNDAA)ရဲ့ အလံတွေကို လွှင့်တင်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အထူးဒေသ(၁)အလံနဲ့ ကိုးကန့်တပ်မတော်(MNDAA)အလံကို နောင်မွန်ကနေ လားရှိုးလမ်းတလျှောက် ဟိုပတ်ဒေသနဲ့ ယူနိုင်ဒေသလို အရေးကြီး အထင်ကရနေရာတွေမှာ လွှင့်ထူထားတာလို့ ဆိုပါတယ်။
အခုလိုအလံလွှင့်တင်တာဟာ တော်လှန်ရေးစိတ်ဓါတ်နဲ့ ယုံကြည်ချက်တရပ်ကို ကိုယ်စားပြုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ တပ်မတော်နဲ့ ပြည်သူအကြား စည်းလုံးညီညွတ်မှုနဲ့ တိုးတက်မှုကို လမ်းညွှန်ပြသတာလို့ ဖော်ပြထားပါတယ်။
တစ်လကျော်ကြာ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ လားရှိုးမြို့ဟာ အခုအခါ တည်ငြိမ်အေးချမ်းနေပြီဖြစ်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေလဲ ဆောင်ရွက်နေပြီလို့ ရေးသားထားပါတယ်။
နောက်ဆက်တွဲအနေတဲ့ လားရှိုးမြို့တမြို့လုံးကို သန့်ရှင်းရေးလုပ်ငန်းတွေ တိုးချဲ့သွားမှာဖြစ်ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းမှာ ပါ၀င်ဖို့ လားရှိုးမြို့က ပြည်သူတွေ နေရပ်ပြန်လာကြဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒါ့အပြင် တိုက်ပွဲကာလထဲ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေနဲ့ စစ်ကောင်စီတပ်မိသားစု၀င်တွေကို အခကြေးငွေပေးပြီး ယာဉ်တွေစီစဉ်ပေးကာ ဘေးကင်းတဲ့ဒေသတွေကို ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ အသိပေးထားပါတယ်။
လားရှိုးမြို့ရှိ စစ်ကောင်စီတပ်မိသားစု၀င်တွေကို ပြန်လွှတ်ပေးခဲ့ပြီး ထုတ်လုပ်မှုလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ ကူညီပေးခဲ့ကာ စစ်ကောင်စီတပ်မိသားစု၀င် (၃၈၀)ကျော်ကို ခရီးစရိတ်အနေနဲ့ တစ်ဦးကို (၅၀၀၀၀)ကျပ်ပေးပြီး ဘေးကင်းရာ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။