စက်တင်ဘာလ (၁၁)ရက်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ ခေါ်ဆောင်တာခံရတဲ့ လူငယ် (၂၇)ဦးဟာ စစ်ကောင်စီအစောင့်တပ်သား (၂)ဦးကို သတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ KNU တပ်မဟာ (၄)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံဘက်ခြမ်းကနေ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပြီး အတင်းအဓမ္မစစ်မှုထမ်းဖို့ တိုင်းဗဟို (၁၂)ကို စက်လှေတွေနဲ့ ခေါ်ဆောင်သွားခံရတဲ့အထဲ အဲ့ဒီလူငယ် (၂၇)ဦး ပါရှိခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလူငယ်တွေဟာ အတင်းအဓမ္မစစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတဲ့ စက်လှေပေါ်က စစ်ကောင်စီအစောင့်တပ်သား (၂)ဦးကို သတ်ဖြတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်လာကာ KNU တပ်မဟာ (၄)နယ်မြေရှိ KNDO ထံ လာရောက်ခိုလှုံလာတယ်လို့ ဖော်ပြထားပါတယ်။
ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်တွေဟာ သူတို့နဲ့အတူ အသတ်ခံလိုက်ရတဲ့ စစ်ကောင်စီအစောင့်တပ်သားနှစ်ဦးဆီကနေ MA အမျိုးအစား သေနတ် (၂)လက်ပါ ယူဆောင်လာခဲ့ကြတာလို့ ရေးသားထားပါတယ်။
အခုအခါ ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ် (၂၇)ဦးကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)က ကူညီစောင့်ရှောက်ထားတယ်လို့ အသိပေးပြောဆိုထားပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလူငယ်တွေကို ဖမ်းဆီးပြီးနောက် ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ကာ အဲ့ဒီကနေ စက်လှေ (၇)စီးနဲ့ အတင်းအဓမ္မ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။