နိုဝင်ဘာလ (၁၁)ရက်။
မော်လမြိုင်မြို့ရှိ မုပွန်ရဲစခန်းရဲ့ အချုပ်ခန်းကိုဖောက်ပြီး ထွက်ပြေးသွားသူတွေထဲက ပါဝင်သူတစ်ဦးကို ဖမ်ဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဧပြီလ (၁၇)ရက်နေ့က အချုပ်သားအချို့ဟာ မုပွန်နယ်မြေရဲစခန်းရှိ အချုပ်ခန်းသံတိုင်တွေကို ဖျက်ဆီးကာ အချုပ်ခန်းဖောက်ပြီး စစ်ကောင်စီရဲတပ်ကြပ်တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အချုပ်ခန်းဖောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရသူဟာ ရဲတပ်ကြပ်ကြီး ထွန်းရှိန်ဆိုသူဖြစ်ပြီး သေဆုံးသွားခဲ့ကာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူသေစေမှုနဲ့ လက်နက်ဥပဒေတို့နဲ့ အမှုဖွင့်အရေးယူထားတာလို့ ဖော်ပြထားပါတယ်။
ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် (၇)လအကြာ မနေ့က နေ့လယ် (၃)နာရီအချိန်က ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ်ရပ်ရှိ အောင်ဇမ္ဗူလမ်းပေါ်မှာ မသင်္ကာဖွယ်လူတစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဖမ်းဆီးစစ်ဆေးခံခဲ့ရသူဟာ အချုပ်ခန်းဖောက်ပြီး သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားသူတွေထဲ ပါဝင်တဲ့ အောင်သွင်(ခ)အောင်ပုဖြစ်ကာ အမှုဖွင့်ခံထားရသူဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အချုပ်ခန်းဖောက်ပြီး စစ်ကောင်စီရဲတပ်ကြပ်တစ်ဦး သေဆုံးခဲ့တာမှာ နေစိုးစံ(ခ)နေနိုးအပါအဝင် (၅)ဦးဖြစ်ပြီး မုပွန်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ (၃၀၂/၃၀၇/၂၂၄/၁၁၄)၊ (ပ)၅၂/၂၀၂၄နဲ့ လက်နက်ပုဒ်မ (၂၇/၃၁/တို့နဲ့ အမှုဖွင့်ထားတာလို့ သိရပါတယ်။