မတ်လ (၁၂)ရက်။
အကြမ်းဖက်စစ်ကောင်စီကို အနားပေးလို့ လုံးဝမရဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ အကြမ်းဖက်စစ်ကောင်စီကို အနားပေးလို့ လုံးဝမရပါဘူး။ အခုဆို စစ်ကောင်စီက အနားတောင်းဖို့ ကြိုးစားနေတဲ့ကိစ္စတွေကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ဟာ သံပူတုန်း နာနာနှက်ရပါမယ်” လို့ သူက ဆိုပါတယ်။
နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်ရေးစစ်လှိုင်းတွေနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးလှိုင်းတွေဟာ တိုက်ရိုက်ချက်ကြိုးသွယ်ထားနိုင်တဲ့ အခြေအနေကို ရောက်ပြီလို့ သိရပါတယ်။
နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးတွေဟာ တစ်သားထဲ ဖြစ်လာတာကြောင့် နိုင်ငံရေးသတိလက်လွတ် ပြောဆိုလုပ်ဆောင်တာတွေ ရှောင်ကြဖို့ သတိပေးထားပါတယ်။
ဒါ့ပြင် လက်နက်အားနဲ့ ခုခံတော်လှန်တယ်ဆိုတဲ့ အဆင့်လောက်နဲ့ တင်းတိမ်နေလို့မရဘဲ စစ်ရေးရလဒ်ထွက်အောင် လုပ်ဆောင်ဖို့ အထူးလိုအပ်တယ်လို့ NUG ယာယီသမ္မတက ပြောဆိုထားပါတယ်။
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ဖို့အတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေကို ခိုင်ခိုင်မာမာ တည်ဆောက်ထားကြဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။