စက်တင်ဘာလ (၁၂)ရက်။
ပအိုဝ်းဒေသထဲ မိုးအဆက်မပြတ်ရွာသွန်းတာနဲ့ တောင်ကျရေတွေကြောင့် ကားလမ်းတွေအပါအ၀င် အိုးအိမ်တွေနဲ့ တောင်ယာတွေ ပျက်စီးတာနဲ့ ကြုံနေရတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းတာနဲ့ တောင်ကျရေတွေကြောင့် ပျက်စီးသွားတဲ့ ကားလမ်းတွေကို PNLA တပ်ဖွဲ့၀င်တွေက ပြုပြင်တာတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အခုလိုပြပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့် ပျက်စီးတာတွေဟာ နေရာအအများအပြားမှာ ဖြစ်ပွားနေတာကြောင့် အကူအညီများစွာ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မိုးအဆက်မပြတ်ရွာသွန်းတာနဲ့ တောင်ကျရေတွေကြောင့် ရှမ်းပြည်နဲ့ ကရင်နီပြည်ကို ဖြတ်သန်းစီးဆင်းနေတဲ့ ပွန်ချောင်းဟာ ပေ (၂၀)အထိ မြင့်တင်နေတာကြောင့် ချောင်းအနီး မသွားကြဖို့ အသိပေးထားပါတယ်။
တောင်ယာတွေပျက်စီးသွားတဲ့ ပြည်သူတွေအပါအ၀င် တဲတွေပျက်စီးသွားတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာတွေနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေအတွက် အမြန်ဆုံးကူညီကြဖို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။