ဩဂုတ်လ (၁၃)ရက်။
မနေ့က ညပိုင်းအချိန်မှာ နမ့်ဆန်မြို့ကို စစ်ကောင်စီက လေကြောင်းနဲ့ (၃)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ ည(၁၁)နာရီခွဲအချိန်ကစပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နမ့်ဆန်မြို့လယ်ရပ်ကွက်ရှိ EPC ရုံး၀င်းထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
EPC ရုံးထဲ ကျရောက်ပေါက်ကွဲတာကြောင့် ရုံး၀န်းထဲရှိ အသက် (၃၀)နှစ်အရွယ် ဒေသခံတစ်ဦး သေဆုံးခဲ့ကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားတဲ့ EPC ရုံး၀န်းထဲက ထရန်စဖော်မာစက်တွေ ထိခိုက်ပျက်စီးခဲ့ပြီး အဲ့ဒီအနီး၀န်းကျင်ရှိ မြို့မဂိုဏ်းချုပ်ကျောင်းနဲ့ ဒေသခံနေအိမ် (၅)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဩဂုတ်လ (၆)ရက်နေ့ကလဲ TNLA အုပ်ချုပ်နေတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ဒေသခံ (၆)ဦးသေဆုံးပြီး (၁၀)ဦးဒဏ်ရာရရှိခဲ့ကာ လူနေအိမ်နဲ့ ဆိုင်ခန်းပေါင်း (၄၀၀)ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။