ဩဂုတ်လ (၁၄)ရက်။
ဒီကနေ့ နံနက် (၉)နာရီခွဲခန့်က မင်းလှမြို့နယ်၊ ခွက်မအုပ်စု၊ ဇရစ်မျှောင်ကျေးရွာနေ ရာအိမ်မှူး ပျူစောထီး ထွန်းထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပျုစောထီး ထွန်းထွန်းကို သူ့ရဲ့နေအိမ်မှာရှိနေချိန် သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ ရဲဘော်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ သေနတ်ကျည် (၂)ချက် ထိမှန်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျုစောထီး ထွန်းထွန်းဆီကနေ လက်ပစ်ဗုံး (၁)လုံးနဲ့ မိုလ်ဘိုင်းဖုန်း (၂)လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သူဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ PDF ရဲဘော်တွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီထံ ထောက်လှမ်းသတင်းပို့တာ၊ စစ်ကောင်စီကို သူ့ရဲ့ကားနဲ့ အကြိုအပို့လုပ်ပေးတာအပြင် ရိက္ခာတွေ ဝယ်ယူပေးနေတာလို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီအလိုကျ ပြည်သူတွေကို အတင်းအကြပ် ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့ လူစုပေးတာနဲ့ ငွေကြေးကောက်ခံတာတွေ ပြုလုပ်နေတာကြောင့် အခုလို အရေးယူရတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေကြတဲ့ စစ်ကောင်စီထောက်တိုင်တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်ပြီး အဲ့ဒီထောက်တိုင်တွေအနီး ပြည်သူတွေအနေနဲ့ သွားလာနေထိုင်တာ မပြုလုပ်ကြဖို့ ကြိုတင်သတိပေးထားတယ်လို့ သိရပါတယ်။