စက်တင်ဘာလ (၁၄)ရက်။
မနေ့က ည (၇)နာရီအချိန်မှာ သိန္နီခရိုင်၊ သံလွင်လျင်ဟိုမြို့နယ်ရှိ နန်ဘိုင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နန်ဘိုင်းရွာရှိ လူနေအိမ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သား (၅)ဦး သေဆုံးခဲ့ပြီး (၈)ဦးဒဏ်ရာရရှိခဲ့ကာ အဲ့ဒီထဲက (၃)ဦးက ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က နန်ဘိုင်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ နေအိမ်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသွားခဲ့တာကို သတင်းဓါတ်ပုံထုတ်ပြန်ထားချက်အရ တွေ့ရပြီး အသေးစိတ်ကိုတော့ ဖော်ပြထားတာမရှိပါဘူး။
သိန္နီခရိုင်ရှိ နန်ဘိုင်းကျေးရွာရှိ ကျောင်မီးသွေးတွင်းကို စစ်ကောင်စီတပ်က စက်တင်ဘာလ (၉)ရက်နေ့ကလဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ထိခိုက်သေဆုံးတာ မရှိခဲ့ဘဲ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို တွေ့ရှိခဲ့ပါသေးတယ်။
အခုအခါ နိုင်ငံတ၀န်း ရေဘေးသင့်ဒဏ် ခံစားနေရတဲ့အချိန် တဖက်မှာလဲ စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တိုင်းရင်းသားဒေသတွေက အရပ်သားကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာပါ။
ပြီးခဲ့တဲ့သတင်းတပတ်ထဲ နိုင်ငံတ၀န်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကိုယ်၀န်ဆောင်မိခင်နဲ့ ကလေးငယ်တွေအပါအ၀င် စုစုပေါင်း (၅၀)ဦးခန့် သေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။