စက်တင်ဘာလ (၁၄)ရက်။
ရေဘေးခံစားခဲ့ရတဲ့ အခြားနိုင်ငံတွေလို ပြည်ပနိုင်ငံတွေကနေ အထောက်အပံ့တွေ အမြန်ဆုံးရရှိဖို့အတွက် ချိတ်ဆက်လုပ်ဆောင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတ၀န်း ရေဘေးဒဏ်ခံစားခဲ့ရတဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ဖို့နဲ့ ရေဘေးသင့်ပြည်သူတွေကို အမြန်ဆုံးထောက်ပံ့ဖို့ သူက ဆိုပါတယ်။
နိုင်ငံအနှံ့ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်ပြီးနောက် (၄)ရက်အကြာ မနေ့က စက်တက်ဘာ (၁၃)ရက်မှသာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နေပြည်တော်နယ်မြေထဲက ထိခိုက်ပျက်စီးတဲ့အခြေအနေကို သွားရောက်ကြည့်ရှု့ခဲ့တာပါ။
ဒါ့အပြင် စစ်ကောင်စီရဲ့ သဘာ၀ဘေးကော်မတီကလဲ ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေနဲ့ အလှူပစ္စည်းတွေ လှူဒါန်းနိုင်ကြဖို့ဆိုပြီး ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်တွေကို ဒီကနေ့မှာ အသိပေးကြေညာထားပါသေးတယ်။
မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ စက်တင်ဘာလ (၉)ရက်နေ့ကစပြီး မြို့နယ် (၃၄)မြို့မှာ ရေကြီးရေလျှံတာတွေ ဖြစ်ပွားခဲ့ပြီး (၃၃)ဦးသေဆုံးကာ (၂)သိန်းကျော် ရေဘေးသင့်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ထုတ်ပြန်တဲ့စာရင်းဟာ မြေပြင်သတင်းအချက်အလက်တွေနဲ့ အဆမတန်ကွာဟနေပြီး လက်တွေ့မြေပြင်မှာတော့ ရေကြီးမြေပြိုတာကြောင့် သေဆုံးသူအရေအတွက်ဟာ ရာဂဏန်းအထိရှိတယ်လို့ သိရပါတယ်။