မတ်လ (၁၅)ရက်။
တိုက်ပွဲတွေကြောင့် ဖားဆောင်းမြို့ထဲ ပိတ်မိနေတဲ့ အရပ်သား (၁၀၀၀)ခန့်ကို ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်(KCSN)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မတ်လအစောပိုင်းမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဟာ ဖားဆောင်းမြို့ကို တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အဆောက်အဦးပျက်စီးတာနဲ့ ထွက်ပြေးတိမ်းရှောင်တာတွေ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ (၁)ရက်က စစ်ကောင်စီတပ်ဟာ လေကြောင်းများစွာနဲ့ ဖားဆောင်းမြို့ကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘုန်းကြီးကျောင်းအပါအဝင် အရပ်သားနေအိမ် ရာနဲ့ချီပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် မြို့ထဲမှာ ပိတ်မိနေတဲ့ ဒေသခံအရပ်သား (၁၀၀၀)ခန့်ကိုလဲ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ကူညီကယ်ဆယ်ခဲ့တာကြောင့် လွတ်မြောက်လာခဲ့တယ်လို့ ရေးသားထားပါတယ်။
လေကြောင်းတိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်စခန်းအချို့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေဟာ ဖားဆောင်းမြို့ထဲက စခန်းထဲကို ဆုတ်ခွာသွားခဲ့ကြတယ်လို့ ပြောဆိုထားပါတယ်။
လွိုင်ကော်နဲ့ ဖယ်ခုံတို့မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကာ တောမီးတွေ ကူးစက်လာတဲ့အတွက် နေအိမ် (၁၀၀)ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
(၃)နှစ်ကျော်ကာလထဲ ကရင်နီပြည်မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ (၂၈၀၀၀၀)ကျော်ရှိပြီး စစ်ကောင်စီရဲ့ သတ်ဖြတ်တာကြောင့် အရပ်သား (၅၁၆)ဦးသေဆုံးကာ ဖမ်းဆီးခံရသူ (၃၇၃)ဦးရှိတယ်လို့ သိရပါတယ်။