ဖေဖော်ဝါရီလ (၁၆)ရက်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အသိအမှတ်မပြုတဲ့အပေါ် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေနဲ့ ဆန့်ကျင်သွားမယ်လို့ မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
ဖေဖော်ဝါရီလ (၁၀)ရက်နေ့ကစပြီး အသက်ဝင်စေခဲ့တယ်ဆိုတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို တော်လှန်ရေးအင်အားစုတွေဘက်က တရားမဝင်ဘူးလို့ ပြောဆိုထားပါတယ်။
ဒီဥပဒေကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်သောကရောက်နေရကာ မတရားတဲ့ဥပဒေကို ပြင်းထန်တဲ့လှုပ်ရှားမှုတွေနဲ့ တုန့်ပြန်နိုင်ဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် စစ်မှုထမ်းဥပဒေကို ထိထိရောက်ရောက် တုန့်ပြန်နိုင်ဖို့အတွက် လုပ်ငန်းပိုမိုတွင်ကျယ်စေဖို့ ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းပံ့ပိုးပေးပြီး ကူညီပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဘက်ကလဲ ဥပဒေ စတင်ထုတ်ပြန်တဲ့နေ့ကစပြီး လူသစ်စုဆောင်းတာမဟုတ်ဘူးဆိုတာနဲ့ ပေါ်တာမဆွဲဘူးဆိုပြီး ဆက်တိုက်ဆိုသလို သတင်းစာကနေ ထွက်ရှင်းနေရပါတယ်။
စစ်ကောင်စီကထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်သူ တစ်နိုင်ငံလုံးမှာ လူဦးရေ ၁၃သန်းခန့်ရှိတယ်လို့ သိရပြီး တစ်နှစ်ကို လူဦးရေ (၂၀၀)မှာ (၁)ဦးသာ တာဝန်ထမ်းဆောင်ရမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။