ဖေဖော်ဝါရီ (၁၆) ရက်။
ထိုင်းဗီဇာလျှောက်ထားသူ များလာတာကြောင့် တစ်ရက်ကို လူပေါင်း ၄၀၀ သာ လက်ခံဆောင်ရွက်ပြီး ဗီဇာထုတ်ပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဖေဖော်ဝါရီ ၁၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကစပြီး နေ့စဥ်ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းဗီဇာ လျှောက်ထားမှု ပြုလုပ်လာတာကြောင့် အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။
တဆက်တည်းမှာပဲ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကလည်း နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ (MOU) စနစ်နဲ့ နိုင်ငံရပ်ခြားကို အလုပ်သမားပို့ဆောင်မှုအားလုံးကို ရပ်ဆိုင်းထားဖို့ အလုပ်သမား ပို့ဆောင်ရေး အေဂျင်စီတွေကို ဖေဖော်ဝါရီ (၁၃) ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားစာ ပေးပိုထားတယ်လို့ အလုပ်သမားပို့ဆောင်ရေး အေဂျင်စီတွေဆီက သိရပါတယ်။