ဩဂုတ်လ (၁၆)ရက်။
စစ်ကောင်စီဟာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ (၃)ဦးကို ဗိုလ်ချုပ်ကြီးရာထူးတွေ တိုးမြှင့်ပေးလိုက်တယ်လို့ စစ်ကောင်စီသတင်းချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီးရာထူးတွေ တိုးမြှင့်ခံရသူ (၃)ဦးဟာ အတွင်းရေးမှူး အောင်လင်းဒွေးအပါအ၀င် တွဲဖက်အတွင်းရေးမှူး ရဲ၀င်းဦးနဲ့ အကြံပေး ညိုစောတို့ဖြစ်တယ်လို့ ဆိုပါတယ်။
အောင်လင်းဒွေး၊ ရဲ၀င်းဦးနဲ့ ညိုစောတို့ဟာ ဒုတိယဗိုလ်ချုပ်ကြီးရာထူးတာ၀န်ယူထားတာဖြစ်ပြီး အခုအခါ စစ်ကောင်စီက ဗိုလ်ချုပ်ကြီးရာထူးအနေနဲ့ တိုးမြှင့်လိုက်တာပါ။
အခုလို ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးမြှင့်တာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တရား၀င်ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းက အောင်လင်းဒွေးနဲ့ ညိုစောတို့ပူးပေါင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တန်ပြန်အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ်လို့ ထွက်ပေါ်ပြီးနောက် အခုလိုရာထူးတိုးတာတွေ ရှိလာတာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် တန်ပြန်အာဏာသိမ်းခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာကို စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပြီး တာ၀န်တွေထမ်းဆောင်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။