စက်တင်ဘာလ (၁၆)ရက်။
တော်လှန်ရေးကာလ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ စုပေါင်းတိုက်ပွဲကြောင့် အာဏာရှင်စစ်တပ်ဟာ အကျအဆုံးများနေပြီလို့ NMSP-AD ရဲ့ မနေ့က နိုင်ငံတကာ ဒီမိုကရေစီနေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။
အဲ့ဒီကျဆုံးတာနဲ့အတူ အာဏာရှင်စစ်တပ်ဟာ အပြစ်မဲ့လူထုအပေါ် နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်တိုက်ခိုက်နေကာ အပြစ်မဲ့လူထုအပေါ် လေယာဉ်နဲ့ ဗုံးကြဲတာတွေ ပိုများလာနေတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာအနေနဲ့ အာဏာရှင်စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်နိုင်ဖို့အတွက် လေယာဉ်ဆီပိတ်ဆို့တာတွေ ထိရောက်စွာ ပြုလုပ်ပေးဖို့နဲ့ စစ်ဒဏ်သင့် ပြည်သူတွေကို အရေးပေါ်အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။
အတိတ်သမိုင်းသင်ခန်းစာကို အခြေခံပြီး အနာဂတ်မှာ အာမခံတဲ့၊ ဒီမိုကရေစီစံနှုန်းပြည့်၀တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်မှသာ အတူယှဉ်တွဲနေထိုင်တဲ့ သဟဇာတဖြစ်တာကို ရရှိနိုင်မှာလို့ ဖော်ပြထားပါတယ်။
မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)အနေနဲ့ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ဖျက်ဖို့နဲ့ ဒီမိုကရေစီစံနှုန်း ပြည့်၀တဲ့ ခေတ်သစ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းဖို့ တိုက်ပွဲ၀င်သွားမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေ၊ ကမ္ဘာ့ဒီမိုကရေစီ မိတ်ဆွေနိုင်ငံတွေ၊ ဒီမိုကရေစီအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီမိတ်ဆွေတွေအနေနဲ့ ပူးပေါင်းလက်တွဲတိုက်ပွဲ၀င်ဖို့ NMSP-AD ရဲ့ တိုက်တွန်းထားချက်အရ သိရပါတယ်။