စက်တင်ဘာလ (၁၆)ရက်။
စက်တင်ဘာလ (၉)ရက်နေ့ကစပြီး ရေကြီးရေလျှံတာကြောင့် နိုင်ငံတ၀န်းမှာ သေဆုံးသူ (၁၁၃)ဦးရှိပြီး ဒဏ်ရာရသူ (၁၄)ဦးရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စက်တင်ဘာလ (၁၄)ရက်နေ့အထိ ရရှိထားတဲ့စာရင်းအရဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ထားကာ ရွှေ့ပြောင်းခဲ့ရတဲ့ နေအိမ် (၇၂၉၀၀)ရှိပြီး လူဦးရေ (၃၂၀၀၀၀)ကျော် ရေဘေးသင့်ခဲ့ရတာကြောင့် ယာယီကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။
နေပြည်တော်အပါအ၀င် ကယား၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းနဲ့ ဧရာ၀တီတိုင်းရှိ အချို့နေရာတွေက မြို့နယ် (၅၆)မြို့နယ်မှာ ရေကြီးနစ်မြုပ်ကာ (၆၄)ဦး ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
ဒါ့အပြင် ရမည်းသင်းမြို့ သပြေပင်ရွာမှာ လူ (၇၀၀)ခန့်သေဆုံးတယ်ဆိုတာဟာ ကောလာဟလထုတ်လွှင့်တဲ့ သတင်းအမှားသာဖြစ်ပြီး (၈)ဦးသာသေဆုံးကာ ဒဏ်ရာရသူအချို့ရှိတယ်လို့ ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
စစ်ကောင်စီကထုတ်ပြန်တဲ့ ရမည်းသင်းမြို့က သေဆုံးစာရင်းဟာ မြေပြင်အခြေအနေမှာရရှိထားတဲ့ စာရင်းတွေနဲ့ အများအပြား ကွဲလွဲနေပြီး စစ်ကောင်စီချန်နယ်တွေက ထုတ်ပြန်တဲ့စာရင်းမှာ (၂၀၀)ကျော်ရှိတယ်လို့ ဖော်ပြထားကြတယ်။
“ ရမည်းသင်းက ရေမြုပ်တာနဲ့ မြေပြိုတဲ့အထဲ သေဆုံးတဲ့စာရင်းက မြေပြင်မှာတင် ရာဂဏန်းလောက်ရှိတာ။ စကစပြောတဲ့ (၈)ဦးဆိုတာ ဘယ်အချက်အလက်ကို အခြေခံပြီးပြောတာလဲမသိဘူး။ မြေပြင်နဲ့ စကစချန်နယ်တွေက ထုတ်ပြန်တဲ့စာရင်းမှာတင် (၂၀၀)ကျော်ဆိုပြီး ဖြစ်နေတာ” လို့ မြေပြင်ကူညီကယ်ဆယ်နေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ အခုလို သဘာ၀ဘေးအပါအ၀င် ကပ်ဘေးတွေမှာ ထိခိုက်သေဆုံးတဲ့ စာရင်းတွေ ထုတ်ပြန်တဲ့အခါ အမှန်အတိုင်းထုတ်ပြန်တာကို မတွေ့ရဘဲ ထိန်ချန်ထုတ်ပြန်နေတာကြောင့် ပြည်သူတွေဟာ သတင်းအမှန်ကို မသိရှိရဘဲဖြစ်နေတယ်လို့ သိရပါတယ်။