ဒီဇင်ဘာလ (၁၆)ရက်။
မနေ့က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အာရက္ခတပ်တော်(AA) ပြောခွင့်ရ ဦးခိုင်သုခရဲ့ အတည်ပြုပြောဆိုထားချက်အရ သိရပါတယ်။
“ တောင်ကုတ်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စကခ(၅)တပ်မဌာနချုပ်ကို အပြီးသတ်ရှင်းလင်းစိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်” လို့ ဆိုပါတယ်။
တောင်ကုတ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ စကခ(၅)တပ်မဌာနချုပ်ကို ဒီဇင်ဘာလ (၁၄)ရက်နေ့ ညနေ (၄)နာရီ (၁၀)မိနစ်ခန့်မှာ AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
နောက်ပြီး တိုက်ပွဲထဲကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းတိုက်ခိုက်နေတယ်လို့ သိရပြီး တိုက်ပွဲအသေးစိတ်ကိုတော့ AA ဘက်က တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
မနေ့က ရခိုင်ပြည်နယ်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာရက္ခတပ်တော်(AA)အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ လက်နက်စွန့်ဖို့ ပြောဆိုတဲ့အချိန်မှာပဲ AA က ရခိုင်ပြည်နယ်ထဲက မြို့တစ်မြို့ကို ထပ်မံသိမ်းပိုက်ခဲ့တာပါ။
အာရက္ခတပ်တော်(AA)ဟာ အခုအချိန်မှာတော့ ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ်က မြို့နယ် (၁၂)ခုကို သိမ်းပိုက်ထိန်းချုပ်ထားသလို အမ်းနဲ့ ဂွမြို့တို့မှာလဲ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဒါ့အပြင် ရခိုင်ဒေသထဲ AA အနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကျန်ရှိနေသေးတဲ့ မြို့နယ်တွေဟာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ဖြစ်ပြီး ထိုးစစ်ဆင်နေတဲ့ အမ်းနဲ့ ဂွကို အခုလမကုန်ခင် သိမ်းပိုက်နိုင်ခြေရှိတယ်လို့ စစ်ရေးသုံးသပ်ထားချက်တွေအရ သိရပါတယ်။