စက်တင်ဘာလ (၁၇)ရက်။
မနေ့က ညနေပိုင်းအထိ နိုင်ငံတ၀န်း ရေကြီးရေလျှံတာကြောင့် သေဆုံးသူဦးရေ (၂၂၆)ဦးရှိပြီး (၇၇)ဦး ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရေကြီးရေလျှံတာတွေကြောင့် နေပြည်တော်အပါအ၀င် ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်းနဲ့ ဧရာ၀တီတိုင်းတို့ရှိ မြို့နယ် (၈၄)မြို့နယ်မှာ ရေ၀င်ရောက်ခဲ့ပြီး လူနေအိမ် (၂၀၀၀)ကျော် ထိခိုက်ပျက်စီးခဲ့ကာ (၁)သိန်းခွဲကျော် ရေ၀င်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း (၄၀၀)ကျော် ဖွင့်လှစ်ခဲ့ပြီး အိမ်ထောင်စု (၄၂၀၀၀)ကျော်၊ လူဦးရေ (၁၆၀၀၀၀)ကျော်ကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။
ရေကြီးနစ်မြုပ်တာကြောင့် ရုံး၊ ဌာနအဆောက်အဦး (၁၁၇)လုံး၊ စာသင်ကျောင်း (၁၀၀၀)ကျော်၊ ဘာသာရေးအဆောက်အဦး (၃၈၆)လုံး၊ လမ်းတံတားအချို့အပါအ၀င် လျှပ်စစ်မီးတိုင်နဲ့ ဆက်သွယ်ရေးတိုင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါသေးတယ်။
ဒါ့အပြင် ရေကြီးရေလျှံတာကြောင့် တိရစ္ဆာန်မျိုးစုံ စုစုပေါင်း (၁၂၀၀၀၀)ကျော် သေဆုံးခဲ့ပြီး စပါးနဲ့ သီးနှံမျိုးစုံစိုက်ဧက (၆၄၀၀၀၀)ဧကကျော် ရေ၀င်နစ်မြုပ်ခဲ့တယ်လို့ ပြောဆိုထားပါသေးတယ်။
မြန်မာနိုင်ငံတ၀န်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံတာတွေကြောင့် ရေဘေးသင့်ပြည်သူ (၆၃၀၀၀၀)ကျော်ရှိနိုင်တယ်လို့ UNOCHA Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။