စက်တင်ဘာလ (၁၇)ရက်။
မနေ့က နေ့လယ် (၃)နာရီခွဲအချိန်က အုတ်ဖိုမြို့၊ အေးမြသာယာရဲစခန်းကနေ အရက်၀တ်နဲ့ထွက်လာတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့၀င် (၅)ဦးပါအဖွဲ့ကို စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အုတ်ဖိုမြို့က ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ဆိုပြီး အေးမြသာယာရဲစခန်းကနေ အရပ်၀တ်နဲ့ ခြေလျင်လာတဲ့ (၅)ဦးပါအဖွဲ့ကို အထက်တန်းကျောင်းရှေ့လမ်းပေါ်မှာ စောင့်ကြိုပစ်ခတ်ခဲ့တာပါ” လို့ ဆိုပါတယ်။
အေးမြသာယာရဲစခန်းကနေ အရပ်၀တ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့၀င် (၅)ဦးပါအဖွဲ့ကို အထက်တန်းကျောင်းရှေ့ လမ်းပေါ်မှာ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ရဲဘော်တွေက ပစ်ခတ်ခဲ့ကာ စခန်းမှူး ဇော်၀င်းနဲ့ ရဲသတင်းပေး ကိုသက်တို့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သူတို့ဆီက လက်ပစ်ဗုံးတစ်လုံး၊ ဝီစီတစ်ခု၊ ငွေသား (၁၈၀၅၀၀)ကျပ်၊ မှတ်ပုံတင်တစ်ခု၊ ယာဉ်မောင်းလိုင်စင်တစ်ခု၊ ရဲအရာရှိကတ်တစ်ခု၊ လဝကကတ်တစ်ခုနဲ့ ပေါ်တာဆွဲဖို့ နာမည်ရေးထားတဲ့စာရင်းစာရွက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လဲ ရေးသားထားပါတယ်။
ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် ကာကွယ်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာလာချိန် ည (၁၀)နာရီခန့် အေးမြသာယာမြို့ပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ (၁၅)မိနစ်ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာသွားတဲ့ စစ်ကောင်စီက အရပ်သားနေအိမ် (၃)လုံးကို မီးရှို့ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေကြတဲ့ စစ်ကောင်စီတွေနဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်တဲ့အတွက် အဲ့ဒီဒေါက်တိုင်တွေအနီး ပြည်သူတွေ သွားလာနေထိုင်တာ မပြုဖို့ကိုလဲ သတိပေးထားတယ်လို့ သိရပါတယ်။