စက်တင်ဘာလ (၁၇)ရက်။
စက်တင်ဘာလ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ထား၀ယ်မြစ်ထဲ လေယာဉ်ဆီတင်လာတဲ့ စစ်ကောင်စီငါးဖမ်းစက်လှေတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ LLPDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ငါးဖမ်းစက်လှေ (၂)စီးဟာ မြိတ်မြို့ကနေ လေယာဉ်ဆီတွေ တင်ဆောင်လာပြီး ထား၀ယ်မြို့ဘက်ကို မောင်းနှင်လာတာကြောင့် စောင့်ဆိုင်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ အဲ့ဒီငါးဖမ်းစက်လှေ (၂)စင်းမှာ စကစတပ်သား (၄)ဦးလိုက်ပါလာတာပါ။ သူတို့က မြိတ်ကနေ လေယာဉ်ဆီပေပါတွေ တင်ဆောင်လာပြီး ထား၀ယ်မြစ်ထဲ ရောက်တဲ့အချိန် လောင်းလုံးပကဖက ရဲဘော်တွေက ကြားဖြတ်ပစ်ခတ်ခဲ့တာပါ” လို့ ဖော်ပြထားပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ငါးဖမ်းစက်လှေတွေဟာ အရှိန်တင် မောင်းပြေးသွားပြီး ထိခိုက်သေဆုံးတာ ရှိမရှိကို ဆက်လက်စုံစမ်းနေတယ်လို့ ရေးသားထားပါတယ်။
အခုအခါ ပုလောမြို့၊ မြိတ်မြို့နဲ့ တနင်္သာရီမြို့က တော်လှန်ရေးပူးပေါင်းစစ်ကြောင်းတွေအနေနဲ့ စစ်ရေးအရှိန်မြှင့်တင်မှာဖြစ်တဲ့အတွက် ပြည်ထောင်စုလမ်းပိုင်းတွေကို နံနက် (၆)နာရီကနေ ညနေ (၆)နာရီအထိသာ သွားလာဖို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၁)ရက်နေ့ကစပြီး မြိတ်ခရိုင်ထဲရှိ မဇောကျေးရွာအုပ်စုကို စစ်ကောင်စီက အင်အားသုံးကာ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။