ဇွန်လ (၁၈)ရက်။
စစ်ကောင်စီယာယီသမ္မတ ဦးမြင့်ဆွေဟာ ဆေးရုံမှာ ဆေးကုသတာ ခံယူနေရတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။
စစ်ကောင်စီယာယီသမ္မတ သေဆုံးတယ်ဆိုပြီး သတင်းထွက်လာတဲ့အတွက် စစ်လော်ဘီချန်နယ်တွေက သက်ဆိုင်ရာကို မေးမြန်းခဲ့ပြီးနောက် ကျန်းမာရေးအတွက် ဆေးရုံမှာ ဆေးကုသနေတယ်ဆိုပြီး ရေးသားထားကြပါတယ်။
အခုလို စစ်ကောင်စီယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးကြောင့် ဆေးရုံမှာ ဆေးကုသတာခံယူနေရတယ်ဆိုတာနဲ့ပတ်သက်တဲ့ အသေးစိတ်အကြောင်းအရာကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။
အသက်(၇၃)နှစ်ရှိပြီဖြစ်တဲ့ ဦးမြင့်ဆွေဟာ မေလဆန်းပိုင်းကစပြီး သက်ကြီးပိုင်းရောဂါတွေနဲ့ ကျန်းမာရေးချို့ယွင်းလာတာကြောင့် ဆေးကုသတာခံယူနေရတယ်လို့ နေပြည်တော်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောဆိုထားပါတယ်။
ဦးမြင့်ဆွေဟာ NLD အစိုးရလက်ထက်မှာ ဒုတိယသမ္မတအနေနဲ့ စစ်တပ်က ရွေးချယ်တင်မြှောက်ခဲ့သလို စစ်တပ်အာဏာသိမ်းပြီးချိန်မှာလဲ ယာယီသမ္မတအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက ရွေးချယ်တင်မြှောက်ထားတာလို့ သိရပါတယ်။