ဇူလိုင်လ (၁၈)ရက်။
မနေ့က ရန်ကုန်မြို့မှာ အာဇာနည်နေ့အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို စစ်ကောင်စီရဲ့ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက 21 Union Eagle နဲ့ Sanchaung New Generation တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။
အခုလိုလှုပ်ရှားမှုကို အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ “ ငြိမ်နေပြီး အသေမခံကြဘဲ တော်လှန်ပြီး ရှင်သန်ကြမယ်၊ ရန်ကုန်မှာ ငါတို့ရှိတယ် ပြည်သူတို့” ဆိုတဲ့စာတန်းပါ ဘန်နာကိုကိုင်စွဲပြီး ပြုလုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ရန်ကုန်မှာ အာဇာနည်နေ့အတွက် စစ်ကောင်စီက အခုရက်ပိုင်းကစပြီး လုံခြုံရေးတွေ တင်းကြပ်ထားကာ စစ်ဆေးတာတွေရှိနေတဲ့အတွက် ပြည်သူတွေ သတိထားသွားလာကြဖို့ အသိပေးတာတွေ ရှိနေပါတယ်။
ဇူလိုင်လ (၁၉)ရက်နေ့မှာ ကျရောက်မယ့် (၇၇)နှစ်မြောက် အာဇာနည်နေ့မှာ ပြည်သူတွေအနေနဲ့ ဟွန်းတီးတာ၊ အလေးပြုတာနဲ့ ချီတက်ဂါရ၀ပြုတာတွေ ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
ဗိုလ်ချုပ်တို့လို အသက်ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးများစွာလဲ မြန်မာပြည်မှာ ရှိနေကာ ပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ဆက်လက်ကဗ္ဗည်းရေးထိုးဖို့ နှိုးဆော်ထားတယ်လို့ သိရပါတယ်။