ဇူလိုင်လ (၁၈)ရက်။
ရန်ကုန်တိုင်းထဲ ၀မ်းပျက်၀မ်းလျှောရောဂါဖြစ်ပွားတဲ့ လူနာသစ်တွေ ဆက်လက်တွေ့ရှိနေဆဲဖြစ်တယ်လို့ စစ်ကောင်စီကျန်းမာရေးရဲ့ ဒီကနေ့မှာ စာရင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းထဲမှာ ဇူလိုင်လ (၆)ရက်နေ့ကစပြီး (၁၇)ရက်နေ့အထိ (၁၂)ရက်တာကာလထဲ ၀မ်းရောဂါဖြစ်ပွားတဲ့လူနာ (၈၀၀)ကျော်အထိရှိလာတယ်လို့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
“ ရောဂါတွေ့တာကလဲ ကလေးငယ်တွေကနေစပြီး အသက် (၈၀)ကျော်အရွယ်တွေအထိ ဖြစ်ကြတာပါ။ ဒီလို၀မ်းရောဂါနဲ့ပတ်သက်ပြီးတော့လဲ အခြားမြို့နယ်တွေမှာပါ ကြိုတင်အသိပေးတာတွေရှိနေပါတယ်” လို့ လူမှုကူညီရေးအသင်းတခုက ဆိုပါတယ်။
ရန်ကုန်က ၀မ်းရောဂါဖြစ်ပွားတဲ့သူတွေထဲ ကလေးသူငယ်အရွယ်ကစပြီး အသက် (၈၀)ကျော်အရွယ် သက်ကြီးရွယ်အိုများလဲ ပါ၀င်ကာ အခြားဆက်စပ်မြို့နယ်အချို့မှာ ရောဂါကြိုတင်ကာကွယ်ဖို့ သတိပေးတာတွေ ရှိနေပါတယ်။
ဇူလိုင်လ (၁၇)ရက်နေ့မှာ ၀မ်းရောဂါဖြစ်ပွားခဲ့တဲ့ လူနာသစ် (၆၇)ဦးရှိခဲ့ပြီး အဲ့ဒီလူနာသစ်တွေထဲ ပြင်းထန်၀မ်းရောဂါလူနာ (၃)ဦးပါ၀င်ခဲ့ကာ မနေ့က လူနာ (၈၇)ဦးကို ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရန်ကုန်မှာ ၀မ်းရောဂါကြောင့် သေဆုံးသူဦးရေဟာ မြေပြင်မှာ (၈)ဦးအထိရှိတယ်လို့ ပြောဆိုနေကြပေမယ့် စစ်ကောင်စီဘက်ကတော့ သေဆုံးတာမရှိဘူးလို့ ငြင်းဆိုထားချက်အရ သိရပါတယ်။