စက်တင်ဘာလ (၁၈)ရက်။
အင်းစိန်အကျဉ်းထောင်ထဲ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား လူငယ် (၅) ဦးကို ကြိုးပေးဖို့ စစ်ကောင်စီ စီစဉ်နေတယ်လို့ မနေ့ကစပြီး သတင်းတွေ ထွက်ပေါ်ထားချက်တွေအရ သိရပါတယ်။
“ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်အမှုတွဲမှာ ပါ၀င်တဲ့ နိုင်/ကျဉ်းလူငယ် (၅)ဦးကို ကြိုးပေးဖို့ စီစဉ်နေတာကို ထောင်နဲ့နီးစပ်တဲ့သူတွေဆီကနေ ကြားရတာပါ။ အဲ့ဒီလူငယ် (၅)ဦးကို စကစက သေဒဏ်ပေးထားတာပါ။ အဲ့ဒီထဲမှာ ယောက်ျားလေး (၄)ဦးနဲ့ မိန်းကလေးတစ်ဦး ပါတယ်” လို့ နိုင်/ကျဉ်းတွေကို ကူညီနေသူတစ်ဦးက ဆိုပါတယ်။
အင်းစိန်အကျဉ်းထောင်ထဲရှိ ကြိုးစင်နေရာကို သန့်ရှင်းရေးတွေ လုပ်နေပြီး နိုင်ငံရေးအကျဉ်းသားအချို့ကို ကြိုးပေးဖို့ စီစဉ်နေတာကို ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ထောင်နဲ့နီးစပ်သူတွေအပါအ၀င် နိုင်/ကျဉ်းတွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ပြောဆိုလာခဲ့ကြတာပါ။
စစ်ကောင်စီက ကြိုးပေးဖို့စီစဉ်နေတဲ့ နိုင်ငံရေးအကျဉ်းသားလူငယ် (၅)ဦးဟာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့ အမှုတွဲနဲ့ ဆက်စပ်တဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်၀င်းစိုး၊ ကိုဆန်းမင်းအောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အဲ့ဒီလူငယ် (၅)ဦးဟာ ၂၀၂၁ခုနှစ် ဩဂုတ်လပိုင်းမှာ ရန်ကုန်မြို့ပတ်ရထားပေါ်က စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ပစ်ခတ်ခဲ့တယ်ဆိုပြီး ဖမ်းဆီးကာ ၂၀၂၃ခုနှစ် မေလမှာတော့ အင်းစိန်ထောင်တရားရုံးက သေဒဏ်အပါအ၀င် ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။
ဒါ့အပြင် အခုလို ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပြီးနောက် (၁၆)လအကြာမှာ စစ်ကောင်စီက သူတို့ (၅)ဦးကို ကြိုးမိန့်ပေးဖို့ စီစဉ်နေတာဖြစ်ပြီး လာမယ့် စက်တင်ဘာလ (၂၃)ရက်နေ့မှာ သေဒဏ်ချမှတ်ဖို့ စီစဉ်နေတာလို့လဲ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့လိုမျိုး နောက်ထပ်ကြယ်ပွင့်တွေ မတရားသဖြင့် မကြွေလွင့်စေဖို့ စစ်ကောင်စီက လျှို့ဝှက်စွာ ကြိုးမိန့်ပေးတာကို ပြည်သူတွေအနေနဲ့ စောင့်ကြည့်ပေးဖို့နဲ့ ဆန့်ကျင်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။