စက်တင်ဘာလ (၁၈)ရက်။
စစ်ရှုံးစစ်ကောင်စီဟာ ကန့်ဘလူမြို့နယ်ရှိ မလည်တိုက်နယ်ထဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ People’s Defense Comrade(PDC)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စက်တင်ဘာလ (၁၄)ရက်နေ့ ညနေပိုင်းအချိန်ကစပြီး စစ်ရှုံးစစ်ကောင်စီဟာ တံတားဦးလေတပ်ကနေ Mi-35p တိုက်ခိုက်ရေးလေယာဉ်နဲ့ တိုက်ပွဲဖြစ်တာမရှိဘဲ မလည်တိုက်နယ်ထဲကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စက်တင်ဘာလ (၁၇)ရက်နေ့မှာလဲ စစ်ကောင်စီက တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ (၃)ကြိမ်အပါအ၀င် Mi-35p နဲ့ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ညနေပိုင်းမှာ (၃)ကြိမ် ဗုံး (၁၀)လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီကနေ့ နံနက် (၁၁)နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာတွေနဲ့ (၅)ကြိမ် ဗုံး (၆)လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် နေ့လယ် (၁)နာရီခွဲမှာ ဗုံးသီး (၄)လုံးထက်မနည်း ထပ်မံကြဲချခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုလို စစ်ရှုံးစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်လက်နက်တွေနဲ့ပါ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်တွေထဲ ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်ရှုံးစစ်ကောင်စီအနေနဲ့ ရေဦးမြို့ရှိ မလည်ကျေးရွာဘက်ကို လေကြောင်းတိုက်ခိုက်တာတွေ ထပ်မံပြုလုပ်နိုင်ချေရှိနေကာ တံတားဦးလေတပ်ကနေ Y12 နဲ့ ဂျက်ဖိုက်တာတွေ အတက်အဆင်းများနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။