စက်တင်ဘာလ (၁၈)ရက်။
မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် ရဲဘော်တပ်သား (၂)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ Dark Shadow ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် ကျွန်တော်တို့ အရိပ်တပ်သား (၂)ဦး ဖမ်းဆီးခံရပြီး စစ်ဆင်ရေးကနေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်” လို့ ဆိုပါတယ်။
စစ်ဆင်ရေးထဲ ပါ၀င်တဲ့ အခြားအရိပ်တပ်သားတွေဟာ လုံခြုံဘေးကင်းစွာနဲ့ ရန်ကုန်ကနေ ဆုတ်ခွာခဲ့ပြီး စစ်ဆင်ရေးထဲ မပါ၀င်တဲ့ အခြားအရိပ်တပ်သားတွေဟာ ကျရာနေရာတွေမှာ ဆက်လက်တာ၀န်ထမ်းဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
အခုစစ်ဆင်ရေး မအောင်မြင်ခဲ့ပေမယ့် တော်လှန်ရေးပြီးဆုံးတဲ့အထိ စစ်ကောင်စီကို ရရာနေရာကနေ အမြစ်ဖြတ်တော်လှန်သွားမယ်လို့ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ကတိပြု ပြောဆိုထားပါတယ်။
Dark Shadow အဖွဲ့ဟာ ရန်ကုန်မှာ မြို့ပြလွတ်မြောက်ရေးအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်နေပြီး ဘယ်အဖွဲ့နဲ့မှ မဟာမိတ်ပြုလုပ်တာမရှိဘဲ တရားမျှတမှုနဲ့ လွတ်လပ်မှုကို လိုလားတဲ့ တော်လှန်ရေးတပ်သားတွေ စုပေါင်းဖွဲ့စည်းထားတာပါ။
အခုလို စစ်ဆင်ရေးထဲ Dark Shadow တပ်သား (၂)ဦး ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသေးဘူးလို့ သိရပါတယ်။