ဇန်နဝါရီလ (၁၉)ရက်။
ဒီကနေ့ နံနက် (၈)နာရီအချိန်ခန့်က မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ (၃၉)လမ်း၊ (၈၄)လမ်းနဲ့ (၈၅)လမ်းကြားရှိ “ ဆယ်သန်း” ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
“ မျက်နှာဖုံးဝတ်ထားတဲ့ အမျိုးသား (၃)ဦးက ဆိုင်ကယ်နဲ့လာပြီး ရွှေဆိုင်ဝန်ထမ်းတွေကို သေနတ်နဲ့ချိန် ဓါးပြတိုက်သွားတာ။ သူတို့က အေးအေးဆေးဆေးပဲ ရွှေထည်တွေကို ယူသွားတာ စီစီတီဗီမှာ တွေ့လိုက်တယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
အဲ့ဒီရွှေဆိုင်ကိုထဲကို အမျိုးသား (၃)ဦးက ဇန်နဝါရီလ (၇)ရက်နေ့က ပြုလုပ်ထားတဲ့ လက်စွပ်ကို ပြင်ဆင်လိုတယ်ဆိုပြီး ပြောဆိုဝင်ရောက်ကာ သေနတ်နဲ့ ဝန်ထမ်းတွေကို ချိန်ပြီး လက်ဝတ်ရတနာတွေကို ယူသွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။
“ ဆယ်သန်း” ရွှေဆိုင် ဓါးပြတိုက်ခံရတာကြောင့် ဆိုင်ထဲက ရွှေလက်ကောက်မျိုးစုံ(၅၀၂)ကွင်း၊ ရွှေဆွဲပြား (၃၆၅)ပြား စုစုပေါင်းအလေးချိန် ရွှေ (၂)ပိဿာခန့်(ကာလတန်ဖိုး ငွေကျပ်သိန်း ၆၀၀၀)ခန့်နဲ့ ငွေသား သိန်း(၂၀)ကျပ်တို့ ယူဆောင်ထွက်ပြေးသွားတယ်လို့ ဆိုထားပါတယ်။
ရွှေဆိုင်ကို ဓါးပြတိုက်သွားတဲ့ တရားခံတွေကို ဖမ်းဆီးရရှိနိုင်ဖို့အတွက် စီစီတီဗီမှတ်တမ်းတွေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ထဲမှာ ရှာဖွေစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။