+++++++++++++++++++++++++++++++++++++++++++
မေလ (၁၈) ရက်။
ကရင်ပြည်နယ်၊ မြဝတီမြို့ကို နယ်ခြားစာင့်တပ် (BGF) တပ်က အင်အားတစ်ထောင်ဝန်းကျင် စုဖွဲ့ထားပြီး မြို့တွင်းနဲ့ မြို့ပြင်ကုန်သွယ်ရေးဇုန်နေရာအထိ စိုးမိုးနေရာယူထားပြီး နေ့ရောညပါ စစ်ရေးအသင့်အနေအထားနဲ့ ကင်းလှည့် စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ KNU သတင်းရင်းမြစ်တခုဖြစ်တဲ့ KIC မှာ ဒီကနေ့ ဖော်ပြထားပါတယ်။
ဗိုလ်မုတ်သုန်က စစ်တပ်ထောက်ခံတဲ့ သူတွေနဲ့ ပူးပေါင်းပြီး စစ်ရှောင်တွေကို ဆန်ဝေ၊ ဆီဝေလုပ်တယ်။ ဗိုလ်ချစ်သူအဖွဲ့က လူတွေက လူရာချီကားအစီး ၃၀ ကျော်နဲ့ နေ့တိုင်းကင်းပတ်တယ်။ မြဝတီက စစ်တပ်ကကျတော့ မွန်ကျောင်းမှာ အင်အားတစ်ရာကျော်ရှိတယ်။ အဲ့ဒီမှာ စခန်းထိုင်ထားတယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူး ပေါင်းတပ်တို့ မြဝတီမြို့အနီးမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် BGF တပ်ဘက်က စစ်ကောင်စီတပ်နှင့် ပြန်လည်ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။
အဲ့လို ပူးပေါင်းပြီးနောက် စစ်ကောင်စီဘက်က နယ်စပ်စီးပွားရေးနဲ့ အုပ်ချုပ်ရေးကိစ္စတွေကို လုပ်ဆောင်နေပြီး BGF တပ်ဘက်က မြို့လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးကို မြဝတီတပ်နယ်အတွင်းရှိ BGF တပ်ရင်း ၃ ရင်းနဲ့ အင်အားဖြန့်ပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူး ပေါင်းတပ်တွေ ဘာကြောင့် ပြန်ဆုတ်ပေးရတာလဲလို့ မေးမြန်းတဲ့အပေါ် KNU ဗဟိုနဲ့ နီးစပ်သူတစ်ဦးက မြို့မနာဖို့ အဓိကထားပြီး ဆောင်ရွက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ခေတ်မျက်လုံးကို ပြောပါတယ်။