စက်တင်ဘာလ (၁၉)ရက်။
စက်တင်ဘာလ (၁၇)ရက်နေ့က ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ (၅)နေရာကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force(FRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီနေရာတွေဟာ ဒီပဲယင်းမြို့ပေါ်ရှိ ကံပြားရွာ ပုပ္ပါရုံဘုန်းကြီးကျောင်း၊ ဇွဲတိုက်၊ ရွှေဇာလီဘုရား၊ အထက်တန်းကျောင်းနဲ့ ကုန်းသာဦးဘုရားတို့ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ တပြိုင်ထဲ တိုက်ခိုက်ခံရတာကြောင့် ကံပြားရွာ ပုပ္ပါရုံကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအင်အား (၂၀)ခန့်ဟာ အထိအခိုက်များစွာနဲ့ စွန့်ခွာထွက်ပြေးသွားတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ရွှေဇာလီဘုရားပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေလဲ (၄၀)မမတွေ တိုက်ရိုက်ထိမှန်ခဲ့တာကြောင့် ဒဏ်ရာရသူတွေကို သယ်ဆောင်ပြီး စာသင်ကျောင်းဘက် ထွက်ပြေးသွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို Freedom Revolution Force နဲ့အတူ ဒီပဲယင်းမြို့နယ်ပကဖ(တိုက်နယ်-၅)နဲ့ Burmese Guerrilla Force(BGF)တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။