မတ်လ (၂၀)ရက်။
မတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းက ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ရင်းတွေကို KNLA တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU-မူတြော်ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုလို စစ်ကောင်စီတပ်ရင်းတွေ ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ (၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေဟာ မြို့နယ်(၃)မြို့အနှံ့ တနေကုန်ဝဲပျံကာ ကင်းထောက်တာကြောင့် ပြည်သူတွေ သတိကြီးစွာ သွားလာနေရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် မတ်လ (၁၈)ရက်နေ့ နံနက်(၁၀)နာရီခန့်ကလဲ ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်က လူသောမြို့၊ ဘောသေထာအုပ်စုထဲက ပတ်လားကျေးရွာကို ၁၂၀မမ (၂)လုံး ပစ်ခတ်ခဲ့ကာ ကျွဲတစ်ကောင်သေဆုံးပြီး (၂)ကောင်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီနေ့ ည (၇)နာရီ (၄၇)မိနစ်မှာ ဘူးသိုမြို့၊ ခေါပူကျေးရွာအုပ်စုထဲက လေးကွယ်လိုကျေးရွာကို ၁၂၀မမ (၂)လုံးနဲ့ တာခူဒဲရွာကို တစ်လုံး ထပ်မံပစ်ခတ်ခဲ့ကာ ထိခိုက်သေဆုံးတာမရှိခဲ့ဘူးလို့ သိရပါတယ်။