မတ်လ (၂၀)ရက်။
ဒီကနေ့ နံနက်ပိုင်းက ဒေါပုံမြို့နယ်မှာ မြေးဖြစ်သူ စစ်မှုထမ်းစာရင်းထဲပါတာကြောင့် စိတ်ထိခိုက်ပြီး အဘွားဖြစ်သူက ချောင်းကူးတံတားပေါ်ကနေ ခုန်ချအဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“ အဘွားက အသက် (၇၀)လောက်ရှိပြီ၊ သူနဲ့အတူနေတဲ့မြေးကို စစ်မှုထမ်းစာရင်းမှာပါလို့ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လာခေါ်သွားတာကို စိတ်ထိခိုက်ပြီး ပုဇွန်တောင်ချောင်းကူးတံတားပေါ်ကနေ ခုန်ချသွားတာ” လို့ မြို့ခံတစ်ဦးက ပြောဆိုထားပါတယ်။
မြေးဖြစ်သူကို စစ်မှုထမ်းဖို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လာရောက်ခေါ်ဆောင်သွားတဲ့အတွက် စိတ်ထိခိုက်ပြီး အဘွားဖြစ်သူက မြေးဖြစ်သူ အပြင်သွားနေချိန် ပန်းခြံတံတားပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာလို့ သိရပါတယ်။
မတ်လ (၁၈)ရက်နေ့ကလဲ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်ဘက်မှာ စစ်မှုထမ်းဖို့ ရပ်ကွက်ရုံးထဲ မဲနှိုက်ရာက မကျေမနပ်ဖြစ်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သေးပါတယ်။
ရန်ကုန်မြို့မှာ မတ်လ ဒုတိယပတ်ကစပြီး စစ်ကောင်စီလက်အောက်ခံတွေက စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်တွေစာရင်းကို ကောက်ယူနေပြီး ဆင့်ခေါ်စာတွေကြောင့် ပြည်သူတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
မြို့ပြတော်လှန်ရေးအဖွဲ့တွေကလဲ ပြည်သူတွေ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ စစ်အုပ်စုရဲ့ အဓမ္မစစ်မှုထမ်းဖို့ လုပ်ဆောင်နေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားကြောင်း သိရပါတယ်။