ဇွန်လ (၂၆)ရက်။
မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့ ပေါင် (၅၀၀)ဗုံးတွေကော ပွိုင့်တွေနဲ့ပါ ဗုံးကြဲပစ်ခတ်သွားတာ။ တိုက်ပွဲဖြစ်တာလဲမရှိဘူး။ မိသားစုလိုက် သေဆုံးတာရှိတယ်” လို့ ဆိုပါတယ်။
သမုန်းကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်ဖိုက်တာ (၂)စီးအသုံးပြုပြီး ပေါင် (၅၀၀)ဗုံး (၄)လုံးအပြင် စက်လက်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲပစ်ခတ်တာတွေကြောင့် သမုန်းကုန်းရွာရှိ တအိမ်ထဲနေ မိသားစုတွေဖြစ်တဲ့ မိခင်ဖြစ်သူနဲ့ သားငယ်(၂)ဦးအပြင် အခြားဒေသခံ(၂)ဦးတို့ သေဆုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အဲ့ဒီဖြစ်စဉ်ထဲ ပြင်းထန်ဒဏ်ရာရသူ (၃)ဦးရှိခဲ့ကာ လုံခြုံရေးအခြေအနေကြောင့် အသေးစိတ် အချက်အလက်ကိုတော့ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။
စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြည်သူတွေအပေါ် အခုလို အကြောင်းမဲ့လုပ်ရပ်တွေကို နိုင်ငံတဝှမ်း လုပ်ဆောင်နေတာကြောင့် အထူးဂရုစိုက်နေကြဖို့ အသိပေးထားတယ်လို့လဲ သိရပါတယ်။






