မေလ (၂၀)ရက်။
မေလ (၁၈)ရက်နေ့က ဘူးသီးတောင်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် မူဆလင် (၁၆၆)ဦး ထွက်ပြေးခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ ဘူးသီးတောင်မြို့ရှိ ကျောက်ဖြူတောင်၊ တပ်မင်းချောင်းနဲ့ င/ကျည်တောက် မူဆလင်ကျေးရွာတွေကို Jet Fighter၊ Y-12 လေယာဉ်တွေနဲ့ ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးနေတာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အဲ့ဒီကျေးရွာ (၃)ရွာကနေ ကလေးငယ်တွေအပါအဝင် မူဆလင်အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၆၆)ဦး ထွက်ပြေးလာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ထွက်ပြေးလာတဲ့ မူဆလင်တွေကို အာရက္ခတပ်တော်(AA)က မောင်တောမြို့ရှိ အောင်ဇေယျကျေးရွာရဲ့ အရှေ့တောင်ဘက် (၃.၂၁)ကီလိုမီတာအကွာမှာ တွေ့ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီလိုထွက်ပြေးလာတဲ့ မူဆလင်လူမျိုးတွေထဲက ကျန်းမာရေးမကောင်းတဲ့သူတွေကို အာရက္ခတပ်တော်က ဆေးကုသပေးခဲ့တာကို ရုပ်သံဖိုင်နဲ့အတူ ထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် အာရက္ခတပ်တော်(AA)အနေနဲ့ ရခိုင်ပြည်နယ်မှာ လူမျိုး၊ ဘာသာ မခွဲခြားဘဲ အားလုံးကို အကာအကွယ်ပေးသွားမယ်လို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုထားတယ်လို့ သိရပါတယ်။