ဇွန်လ (၂၀)ရက်။
မနေ့က ညနေ(၄)နာရီခွဲအချိန်မှာ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)မှာ လုယက်ဓါးပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့သတင်းတွေအရ သိရပါတယ်။
စစ်ကိုင်းမြို့ပေါ်က ကမ္ဘောဇဘဏ်(၁)ကို အမည်မသိအမျိုးသား (၄)ဦးက ဆိုင်ကယ်နှစ်စီးနဲ့လာရောက်ကာ ဓါးပြတိုက်လုယက်ချိန် စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပစ်ခတ်ဖမ်းဆီးတာကြောင့် ဓါးပြတိုက်ရာမှာပါဝင်တဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သူနဲ့အတူ ငွေကျပ်သိန်း (၃၀၀၀)ကျော်နဲ့ လက်ကိုင်ဖုန်း (၂)လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးသွားသူဆီကနေ လက်လုပ်ပစ္စတိုတစ်လက်နဲ့၊ ၉မမကျည် (၉)တောင့်အပါအဝင် ဗုံးတစ်လုံးနဲ့ ဆိုင်ကယ်နှစ်စီးကို သိမ်းဆည်းရမိခဲ့တယ်လို့လဲ ရေးသားထားပါသေးတယ်။
ဓါးပြတိုက်မှုကျူးလွန်သူတွေဟာ ပေါင်းလှရွာက စစ်ကိုင်းခရိုင်(PDF)တပ်ရင်း(၂)ကဖြစ်တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက စွပ်စွဲထားပါတယ်။
အခုလို ဘဏ်ဓါးပြတိုက်တဲ့ဖြစ်စဉ်ဟာ စစ်အုပ်စုက PDF တွေကို နာမည်ဖျက်ဖို့ သူတို့ကိုယ်တိုင်လုပ်ကြံတဲ့ လုပ်ဇာတ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။