ဇူလိုင်လ (၂၀)ရက်။
အခုနှစ်ရက်ထဲ လားရှိုးနဲ့ သိန္နီမြို့တို့မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အရပ်သား (၉)ဦးသေဆုံးကာ (၁၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဇူလိုင်လ (၁၉)ရက်နေ့ ည (၁၂)နာရီခန့်က လားရှိုးမြို့ပြင် (၁၄)မိုင်ခန့်အကွာမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ (၅)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့ နံနက် (၄)နာရီခန့်က သိန္နီခရိုင်ထဲရှိ ကြယ်ဝှဒေသကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စုစုပေါင်း အမြှောက်ကျည် (၂)လုံး ကျရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီပစ်ခတ်လိုက်တဲ့ အမြှောက်ကျည်ထဲက တစ်လုံးဟာ မပေါက်ကွဲခဲ့ဘဲ ကျန်တစ်လုံးဟာ လယ်တမံပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် (၄)လုံးပျက်စီးကာ စပါးခင်းတွေနဲ့ သီးနှံတွေ ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဇူလိုင်လ (၁၈)ရက်နေ့ ညနေ (၄)နာရီခွဲခန့်မှာ သိန္နီခရိုင်ထဲရှိ လူနေရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ် (၂)စီးနဲ့ ဗုံးသီး (၈)လုံး ကြဲချခဲ့ကာ လမ်းတွေနဲ့ နေအိမ်တွေကို တိုက်ခိုက်ခဲ့သေးတယ်လို့ ပြောဆိုထားပါတယ်။
အခုလိုပစ်ခတ်ခဲ့တာကြောင့် အရပ်သား (၈)ဦးသေဆုံးကာ (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူတွေထဲ (၅)ဦးဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့သလို (၃)ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့အပြီးမှာတော့ သိန္နီခရိုင်ကော်မတီနဲ့ ဒေသခံတပ်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရသူတွေကို မဟာမိတ်တပ်တွေရဲ့ နောက်တန်းဆေးရုံကို ပို့ဆောင်ကုသပေးခဲ့တယ်လို့ သိရပါတယ်။